Events

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ အုန်းစိုက်ပျိုးထုတ်လုပ်သူများအတွက် “စီးပွားဖြစ်အုန်းပင် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြလေ့ကျင့်ခြင်းသင်တန်း” ကျင်းပရာသို့ လာရောက်အားပေးချီးမြှင့်ခြင်း။

Updated At: 2023-06-13 10:12:39

1686305115562

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိ သောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း စီမံကိန်းအစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အုန်းစိုက်ပျိုးထုတ်လုပ်သူများအတွက် စီးပွားဖြစ်အုန်းပင် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြလေ့ကျင့်ခြင်းသင်တန်း ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ မော်လမြိုင်ကျွန်းမြို့နယ်၌ ကျင်းပလျက်ရှိပါသည်။

သင်တန်းဒုတိယနေ့ဖြစ်သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်အတူ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်  ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ သင်တန်းကျင်းပရာသို့လာရောက်ပြီး သင်တန်းနည်းပြများ၊ သင်တန်းသားများနှင့်တွေ့ဆုံ၍ ဧရာဝတီတိုင်းဒေသကြီး၏ အုန်းစိုက်ပျိုးထုတ်လုပ်မှုအခြေအနေနှင့် လိုအပ်ချက်များ၊ သင်တန်းနှင့်ပတ်သက်၍ လိုအပ်သည်များနှင့် အုန်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းခန်းမအတွင်း ပြသထားသည့် အုန်းလက်မှုပစ္စည်းများအား ကြည့်ရှုလေ့လာခဲ့ကြပြီး နံနက် (၁၁:၃၀) နာရီတွင် သင်တန်းဒုတိယနေ့အစီအစဉ်အရ လက်တွေ့ကွင်းဆင်း သရုပ်ပြလေ့ကျင့်ခြင်းပြုလုပ်မည့် ကညင်ချောင်းလေးကျေးရွာသို့ ရေလမ်းခရီးဖြင့်သွားရောက်ကာ အုန်းစံပြစိုက်ခင်းများကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များမှာကြားပြီး နေ့လည် (၁၄:၀၀) နာရီတွင် ပြန်လည်ထွက်ခွာခဲ့ပါသည်။

ဆက်လက်၍ သင်တန်းအစီအစဉ်အရ အုန်းပျိုးပင်များ စနစ်တကျပြုစုစိုက်ပျိုးခြင်းနှင့် သဘာဝအုန်းမှုန့်မြေသြဇာ ထုတ်လုပ်ခြင်းတို့ကို လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။